မနေ့က ကျရောက်ခဲ့တဲ့ ၈၆နှစ်ပြည့် အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ ၁၉၄၅-၄၆ အရေးပေါ် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှ ဆရာကြီး မင်းသုဝဏ်ရေး အိုးဝေ ကဗျာကို ဝေငှလိုက်ပါတယ်။ ၁၉၉၆ ဖေဖော်ဝါရီ ထုတ် ရာစုသစ် မြစ်ကျဉ်း ကဗျာ စုစည်းမှု ၊၄၊ မှ တဆင့် ကူးယူထားတာပါ။
အိုးဝေသံ
အိုးဝေသံ တဖန်ကြားရတော့
နားစွင့်လို့ ထောင်မိတယ် ။
ညဥ့်ခါတွင်းဆီက
ဖေါ်ချင်း ညီတညာနှင့်
ခမျာတွေ မှောင်ကိုခွင်းပါလို့
ရှင်းကြရှာတယ် ။
သို့ကလို အရုဏ်တက်ကာပ
နေထွက် တပြူကယ်တော့
ဒေါင်းသူငယ် တွန်သံဝင့်ပြန်ပေါ့
နန်းပင်မြင့် သည်အလယ်
ဘေးလွှင့် ရန်ဖြို
တေးဝင့်သံ သည်လိုချိုတော့
စာဆိုမှာ ဥာဏ်ရောင်လန်းကာပ
ဝန်ထမ်းရန် စိတ်မာန်ဇွဲတွေနှင့်
ကမ်းကုန်အောင် စွမ်းဟုန်နှင့် ကျဲမယ်လို့
ခဲမိတအား ။ ။
မင်းသုဝဏ် posted by Anonymous
2 Comments:
This comment has been removed by a blog administrator.
11:21 AM
ဆရာကြီး မင်းသုဝဏ်ကဗျာကို ဖတ်ခွင့်ရလို့ ကျေးဇူးဘဲ အစ်ကိုရေ…
12:15 PM
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။