ဘာတွေဖြစ်ကုန်ကြပြီလဲ
ဗမာကိုမြန်မာပြောင်းတော့ မယ်ဗမာလည်းမယ်မြန်မာဖြစ်
ဒို့ဗမာအစည်းအရုံးလည်း ဒို့မြန်မာအစည်းအရုံးဖြစ်
မောင့်ဘက်တန်အော့ဖ် မြန်မာဖြစ်ရရှာလေ။
ဘာတွေဖြစ်ကုန်ကြပြီလဲ
ကြမ်းခင်းဈေး၃နှစ်နဲ့ ထောင်ဒဏ်လေလံပြစ်ပွဲကြီးမှာ
ကြက်သရေရှိတဲ့ တပ်မတော်ကြီးကို မြင်ချင်တယ်ဆို
တဲ့လူ
ထောင်ဒဏ်အနှစ်၂၀နဲ့ ဗိုလ်စွဲသွားပြီ
ဒါလေများ ရွှေတိဂုံဘုရားကြီးတောင် ခံဝန်ချုပ်နဲ့စံမြန်း
နေရရှာတာပဲ။
ဘာတွေဖြစ်ကုန်ကြပြီလဲ
စာပေငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့တဲလေ
မျက်မှန်စိမ်းတပ်ထားသူက ဥက္ကဌ
ဦလေးတွမ်က အတွင်းရေးမှုး
အလို ရေးဖေါ်ရေးဖက်တွေ ကြမ်းပိုးကိုက်လို့
အိပ်မပျော်တဲ့အချိန်မှာ
ခမ်းမဆောင်နီထဲ ပန်းရောင်အိမ်မက်မက်တဲ့လူ
လူတကာထောင်ဆုရတဲ့အချိန်မှာ သောင်းဆုယူမဲ့လူ
အရိုးတောင်ကိုကျော်၍ သွေးပင်လယ်ကိုဖြတ်မည်
တဲ့လား။
ဘာတွေဖြစ်ကုန်ကြပြီလဲ
ကြုံတုန်းပြောရဦးမယ်
ဟိုလူကြီး နိုင်ငံရေးကအနားယူတာ မယုံကြဘူးလား
တကယ်ပါ စစ်ရေးနဲ့စီးပွါးရေးလောက်ပဲ
သူစီမံတာ။
ဘာတွေဖြစ်ကုန်ကြပြီလဲ
အမျိုးသားနေ့ ဦးတည်ချက်၃ရပ်က
ပင်နီမဝတ်ရ ဗိုလ်ချုပ်ပုံမချိတ်ရ ဒို့အရေးမအော်ရတဲ့
နယ်ချဲ့လက်အောက်မှာတောင် စီတန်းကြွေးကြော်လှည့်
လည် အောင်ဟစ်ခွင့်ရှိခဲ့ပါလျှက်ကနဲ့
ခုကြမှ သြော် အရင်သူ့ကျွန်ဘဝ
ခုဟာက ငါ့ကျွန်ဘဝပေပဲကိုး။
ဘာတွေဖြစ်ကုန်ကြပြီလဲ
ယောလုံချည်အနက်ဝတ်လို့ ကျောင်းထုတ်ခံရသတဲ့
နှစ်ပတ်လည်နေ့မှာ ဝမ်းမနဲရဘူးတဲ့
ကျဆုံးသွားတဲ့ သူငယ်ချင်းတွေကို သတိရရင်
လွမ်းဆွတ်ချင်းဆိုင်ရာ ဥပဒေအရ
အရေးယူသတဲ့
ကျောင်းသားတွေဟာတော်တော်ရိုင်းသတဲ့
လူကြီးတွေကို လူကြီးမှန်းမသိဘူးတဲ့
ဘုရားပေါ်ဖိနပ်စီး တက်သူတွေ
သေနတ်ခါးမှာချိတ်ပြီး ဝါဆိုသင်္ကန်းကပ်သူတွေကပြောတယ်။
ဘာတွေဖြစ်ကုန်ကြပြီလဲ
တသက်မှာတစ်ခါသာ ဖတ်ရမယ့်စာအုပ်တဲ့
ရွှေမိဆေးလိပ်ကလွဲရင် ဗမာပြည်မှာထိတ်တဲ့
ဗလာစာအုပ်ကလွဲရင် စောင်ရေအများဆုံးပဲတဲ့
ချိုင်းစာရွက်ကလွဲရင် ရောင်းအကောင်းဆုံးပဲ။
ဘာတွေဖြစ်ကုန်ကြပြီလဲ
မာရသွန်မိန့်ခွန်းရှည်ကြီးကို အခုလိုရှည်ရှည်ဝေးဝေး
ရှင်းပြရတာကတော့
တိုတိုပြောဖို့ အချိန်မရလို့ပါတဲ့
ကုန်သွယ်ရေးရုံးနဲ့ကုန်တိုက် မှားပြောတဲ့သူက
ဥက္ကဌ
ကိုယ်အာဏာသိမ်းတဲ့ရက်စွဲ မေ့နေတဲ့လူက
အတွင်းရေးမှုးတဲ့
သြော် ခေါင်းမရှိပဲ
ဦးထုပ်ဆောင်းနေကြတဲ့ ကာလကြီးပေပဲ။
မောင်သော်က posted by boedawgyi
5 Comments:
ဘိုးတော်ရေ၊ “မောင့်ဘက်တန်အောဖ့် ဘားမားတောင်” ဆိုတာလေး ကျန်ခဲ့လေသလားလို့
1:48 AM
as far as i heard, it wasn't on the radio :). i dont noe
10:42 AM
hmm...it was in the poem i read many years back. anyway, thanks for the poem. :)
2:21 PM
ကျနော် သိထားတာက အဲဒီကဗျာကို မင်းလူ ရေးသလားလို့ပါ... ကျနော်ပဲ အမှတ်မှားသလားမသိနော်.. ကျနော် ဖတ်ဖူးတယ်.. မစ်စတာ ဘားမား ဆွဲတဲ့ ကာတွန်း သရုပ်ဖော်နဲ့ အဲဒီကဗျာကိုလေ.. ကျနော့်စိတ်ထင်တော့ ဆရာမင်းလူလို့ ထင်တယ်. . အဲဒီကဗျာရေးလို့ သူလဲ ထောင်နန်းစံခဲ့ရဖူးတယ်..ပြန်စစ်ပီး ဆွေးနွေးပေးပါဦး.လေးစားလျက်..
11:12 AM
မင်းလူမဟုတ်တာတော့သေချာတယ်ဗျ။
2:03 PM
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။