ဖျော့တော့တော့နေရောင်ခြည်သည် လှောင်ပိတ်နေသော ရန်ကုန်ဆောင်းတနေ့၏ နောက်ဆုံးနာရီအချို့ အား တတ်အားသမျှ အလင်းရောင်ပေးနေသည်။ မကြာမီနေဝင်တော့မည်။ အိပ်တန်းတက်ရန် ပြင်နေသောငှက်များအား ဟိုတစုဒီတစုတွေ့နေရသည်။ တခါတရံ ဝှေ့ရန်းရောက်ရှိလာသော အရှေ့မြောက်လေသာမကယ်လျှင် ဆောင်းညနေခင်းဟု ယုံကြည်ရန်အတော်ပင်ခက်လိမ့်မည်။ အလွန်ပင်ပူနွေးအိုက်စပ်လွန်နေသည်လေ။
ဆူးလေးဝန်းကျင်တဝိုက်သည် ထောင်သောင်းချီသော လှုပ်ရှားသွာလာသူများနှင့်အတူ ထုံးစံအတိုင်းမွဲခြောက်ခြောက်အသွင်ဖြင့် ဆောင့်ကြောင့်ထိုင်နေသည်။ ကားအိပ်ဇောမှအမည်းရောင်မီးခိုးငွေ့များ၊ ဆိုင်ခန်းအသီသီး လမ်းဘေးဆိုင်အမျိုးမျိုးတို့မှကျပ်ခိုးများ
နှင့်ညှော်နံ့များ၊ ကဋေကဍာမကသောဖုန်မှုန့်များ၊ လူမျိုးစုံတို့၏ကိုယ်ငွေ့အဖုံဖုံနှင့်.. လေထုသည် မည်သည့်အခါမျှ အရေးတယူတိုင်းထွာဖူးခြင်းမရှိသဖြင့် တိတ်တဆိတ်သာကြိတ်၍ ညစ်ညမ်းနေရရှာသည်။ ရွေးချယ်စရာမရှိသောသတ္တဝါ အပေါင်းသည် ထိုသကောင့် သားလေအား တရှိုက်မက်မက် ရှုသွင်းရှုထုတ်လျှက် အောင့်သက်သက်ဖြင့်အသက်ဆက်နေကြသည်။ အရွယ်အစားအမျိုးမျိုးသော ယင်ကောင်များနှင့် အသက်ပြင်းလှသော ခွေးလေခွေးလွင့်အချို့ကလည်း မြို့တော်ခန်းမအားပမာမခန့်ပြုနေကြသည်။
ထိုစဉ်ဆူးလေညနေသည် ဆယ်ကျော်သက်အရွယ် လိုင်းကားစပယ်ယာတဦး၏ ပြာတာတာ မပြီမသဈေးခေါ်သံနှင့် နိုးထအသက်ဝင်လာသည်။ ဆူးလေညနေသည်ဘေးဘီဝဲယာကိုလည့်ပတ်ကြည့်ရှုရင်း နေ့စဉ်တာဝန်ဝတ္တရားတခုအား စတင်ရန်လုပ်ဆောင်လေသည်။ ဦးစွာပထမ သူ၏အိုဟောင်း၍ဝါကျန့်ကျန့်ဖြစ်နေသော မှတ်စုစာအုပ်အဟောင်းကြီးနှင့် ခဲတံတိုလေးအားထုတ်၏။ လွန်လေပြီးသောသက္ကရာဇ်များမှ ဆူးလေတဝိုက်အဖြစ်အပျက်များသည် ထိုမှတ်စုစာအုပ်ဟောင်းလေးပေါ်တွင် အက္ခရာများအဖြစ်မြှုပ်နှံခြင်း ခံထားရသည်။ ထို့နောက် ကြေမွနေသော အဝတ်အစားတို့အား ခါ၍တမျိုးဆွဲ၍တဖုံဖြင့်ကြည့်ကောင်းအောင် ပြုပြင်သေး၏။ ယခုတော့အသင့်ဖြစ်ပြီ။
ဆူးလေညနေသည် သူ၏ပတ်ဝန်းကျင်အား အညိုရောင်မျက်လုံးများဖြင့် အသေးစိတ်ကြည့်ရှုမှတ်သားနေသည်။ နှစ်ပေါင်းများစွာအတွေ့အကြုံရင့်ကျက်နေပြီဖြစ်သည့် မျက်လုံးများသည် အရာရာကိုမြင်နေရသည်။ ပါးလျှသောနားအစုံသည် အရာရာကိုကြားနေရသည်။
ကောက်ညှင်းထုပ်ကြီးများနှင့်တူသော ဘက်စ်ကားကြီးများအားလည်း မထူးဆန်းတော့သလို ငေးကြည့်နေမိသည်။ ကောက်ညှင်းထုပ်ထဲသို့အထုပ်ခံနေရသော လူများတို့အားလည်း ခုချိန်တွင်မသနားမိတော့။ အတွေ့အကြုံက သင်ကြားပြသပေးသွားပြီးပြီ။ လူပေါင်းများစွာထဲမှ အိမ်ပြန်ချိန်မျက်ဝန်းများအား ဆူးလေညနေသည် ဖယ်ထုတ်မှတ်သားကြည့်နေသည်။ အစိုးရရုံးဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဆိုင်အမျိုးမျိုးမှအလုပ်သမားများ၊ ဆောက်လက်စအဆောက်အအုံများမှအလုပ်သမားများ၊ ကျောင်းသားကျောင်းသူများ၊ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိလာပြီး အကြောင်းအမျိုးမျိုးကြောင့်ပြန်ရမည့်သူများ..၊ အိမ်တွင်စောင့်မျှော်နေမည့်အမေအို၊ အဖေအို၊ ခင်ပွန်း၊ ဇနီးသည်၊ တီတီတာတာသားသမီးများ။ ဘဝယန္တရားအားအရှိန်ပြင်းပြင်းလည်ပတ်စေသောလောင်စာများ..။ ထိုအချိန်တွင် အနီးဝန်းကျင်တဝိုက်ရှိမီးများအားလုံး ရုတ်ချည်းအမှောင်ကျသွားသည်။ မီးပြတ်သွားခြင်းဘဲဖြစ်ရမည်။ အထိုက်အတန့်သော ကာလလေးတခုတော့ အတန်ငယ်အဆင်မပြေဖြစ်သွားရသည်။ သို့သော်မိနစ်ပိုင်းအတွင်း တဒိုင်းဒိုင်းနှင့်အော်ဟစ်တတ်သော ဒေါသကြီးသည့်ကိုယ်ပိုင်မီးစက်ငယ်များက အလင်းရောင်တချို့တဝက်ကိုပြန်လည်ထုတ်လွတ်ပေးကြသည်၊ဆူးလေညနေသည် မတော်တဆမီးပျက်သွားသောနေ့များ၊ မတော်တဆမီးဖျက်သွားသောနေ့များ၊ တမင်သက်သက်မီးပျက်သွားသောနေ့များ၊ တမင်သက်သက်မီးဖျက်သွားသောနေ့များ.. သည်တို့အားပြန်လှန်ကြည့်ရှုရင်း ခဏတာမျှအလုပ်ရှုပ်သွားရသည်။
ဦးထုတ်ဖြူဆောင်းထားသောလူတဦး စူရှသည့်ခရာသံတခုအား ညှစ်ထုတ်လိုက်သည်ကို မြင်လိုက်သည်။ နောက်ဆက်တွဲမည်သို့ဖြစ်မည်ကို ဆူးလေညနေအပါအဝင်ကလေးရော ခွေးပါမကျန်အားလုံးသိကြသည်။ အချို့ကတော့စပ်စုစွာဖြင့် အနားသို့ကပ်၍သွားကြည့်၏။ ဆူးလေညနေကတော့ မနေ့ကပေါင်းများစွာလို မျက်နှာလွှဲနေလိုက်သည်။ နေလုံးလုံးဝင်သွားချေပြီ။ မကြာမီတာဝန်ချိန်ကုန်ဆုံးတော့ မည်။အရာရာသည် ဆူးလေးဝန်းကျင်တဝိုက်တွင် ဖြစ်သင့်သည့်အတိုင်းဖြစ်ပျက်နေကြသည်။ ဝရုံးသုန်းကားလူအုပ်ကြီးများ၊ ကားတန်းကြီးများ၊ ညစ်ပတ်ပေပွနေသောဆိုင်များနှင့်စားသူံးသူများ၊ အေးဓမြတိုက်နေသူများနှင့် ဓါးပြအတိုက်ခံရသူများ၊ နေသားတကျရှိလွန်းလှသည်။
ဝိုးတဝါးလရောင်အောက်တွင် ဆူးလေညနေသည် ညချမ်းအတွက် ထွက်ခွါရန်အသင့်ဖြစ်နေသည်။ မှတ်စုစာအုပ်ကြီးအားလည်း နေသားတကျထားခဲ့ပြီးပြီ။
နောက်ဆုံးမထွက်ခွါမီ..
သမင်လည်ပြန်တချက်ဖြင့် နောက်ဆုံးကြည့်မိလိုက်သည်။ ဖြစ်သလိုပေါ့ကျတခွက်ဖြင့် ဘဝကိုစားမြှုန့်ပြန်နေသည့်ခေါင်းဖြူဖြူအောက်တန်းစားရေးကြီးတစ်ဦး၊ ငွေတစ်ရာတန်တစ်ရွက်အား
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း အရက်ဝယ်နေသည့် ကုန်ထမ်းသမားတစ်ဦး၊ အရင်းပြုတ်သွာ့း၍ငိုမဲ့မဲ့ဖြစ်နေသော ပါးကွက်ကြားနှင့်ဟင်းရွက်သည်မိန်းမ၊ ညစာစားရရန်မသေချာတော့သော ရောင်းမကောင်းသည့် ၈နှစ်အရွယ်ပူပေါင်းသည်လေး၊ နယ်ရှိမိသားစုကိုသာငွေပြန်ပို့နိုင်ရန်အမြဲစဉ်းစားနေသော တောင်ပံမပါသည့် ညဥ့်ငှက်မလေး၊ ညစောင့်တာဝန်ထမ်းရန် လှမ်းလာနေသောပင်စင်စားအဖိုးအိုတစ်ဦး။ ပူလောင်လှသော သက်ပြင်းရှည်တခုမှုတ်ထုတ်သံကို မည်သူမျှမကြားလိုက်ပါ။ သိန်းရာကျော်တန်ကားကြီးကားငယ် အသွယ်သွယ်ကတော့ ဆူးလေအဝိုင်းကြီးအားဝိုင်းကြီးပတ်ပတ်ဒူဝေဝေဖြင့်ကခုန်လျှက်။
5 Comments:
အရေးအသား၊ အကြောင်းအရာ၊ တင်ပြပုံ အားလုံးကို အလွန်သဘောကျလို့ ဒီစာစုလေးကို ကျမသိမ်းထားလိုက်ပါတယ်။
7:50 PM
လာဖတ်တယ်ဆိုရင်ဘဲမျောက်၇ကောင်ကကျေးဇူးတင်နေပါ
ပြီဗျာ။
9:47 AM
ဖတ်ရင်းတန်းလန်း အဲဒီမြင်ကွင်းကို မျက်လုံးထဲမြင်လာပြီး ရင်ထဲမှာ နင့်ခနဲ ခံစားရတယ်။
10:55 AM
ဟာ တော်လိုက်တာ ကောင်းလိုက်တဲ့အရေးအသား … လင်းအရမ်းကြိုက်တယ်.. မျက်လုံးထဲမြင်လာပြီး ရင်ထဲသိပ်နင့်နေတာပဲ
2:02 PM
ကောင်းလုချီ လားဗျာ။ မျက်စိ ထဲမှာ တရေးရေး ရုပ်ရှင်ပြသလို ပေါ်လာတယ်ဗျာ။ ရန်ကုန် မှာ ရှိတဲ့ အချိန်တွေကို ပြန်ပြီး သတိရစေပါတယ်ဗျာ။
4:53 AM
Post a Comment
<< မျောက်တို့၏အိမ်သို့ သင်ပြန်လိုက ပြန်နိုင်ပါသည်။